International News

အင်ဒိုနီးရှားနိုင်ငံက စင်ကာပူနိုင်ငံသို့ ကြက်သားတင်ပို့တော့မည်ဟု စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ပြောကြား

Last Updated:

မလေးရှားနိုင်ငံမှ ကြက်သားနှင့် ကြက်သားထုတ်ကုန်များအား ပြည်ပသို့တင်ပို့မှုကိုပိတ်ပင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံစားနပ်ရိက္ခာဌာန (Singapore Food Agency) သည် နိုင်ငံတွင်းလိုအပ်ချက်ကြောင့် အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် ကြက်သားရရှိနိုင်သည့် အရင်းအမြစ်များမှ ကြက် သားနှင့် ကြက်သားထုတ်ကုန်များအား တင်သွင်းခွင့်ပြုသွားရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် မကြာမီကာလအတွင်း စင်ကာပူနိုင်ငံသို့ ကြက်သားနှင့် ကြက်သားထုတ်ကုန်များကို တင်ပို့တော့မည်ဟု Channel News Asia(CNA) ၏ စုံစမ်းမေးမြန်းမှုအား အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံအစိုးရအနေဖြင့် အင်ဒိုနီးရှားနိုင်ငံမှ ကြက်အရှင်အပါအဝင် အအေးပေးကြက်သား၊ အေးခဲကြက် သားနှင့် ပြုပြင်စီမံထုတ်လုပ်ထားသည့် ကြက်သားထုတ်ကုန်များအား သွင်းကုန်အနေဖြင့် တင်သွင်းခွင့်ပြုသွားမည်ဟု အသိပေးကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

စင်ကာပူနိုင်ငံစားနပ်ရိက္ခာဌာန (Singapore Food Agency-SFA) ၏ ပြောကြားချက်အရ အင်ဒိုနီးရှားနိုင်ငံမှ ကုမ္ပဏီ ၃ ခုအား ကြက်သားနှင့် ကြက် သားထုတ်ကုန်များတင်သွင်းနိုင်ရန် အတည်ပြုထောက်ခံချက်များ ခွင့်ပြုထုတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကုမ္ပဏီများအနက် ၂ ခုမှာ ထိုင်းနိုင်ငံအခြေစိုက် အစားအစာထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းစုကြီးဖြစ်သည့် Charoen Pokphand ကုမ္ပဏီ၏ လက်အောက်ခံ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ အင်ဒိုနီးရှားအေးခဲအစားအစာကုမ္ပဏီကြီး Japfa Comfeed ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပါသည်။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၊ တိရစ္ဆာန်ထုတ်ကုန်လုပ်ငန်းနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး၏ ပြောကြားချက်အရ အခြားကုမ္ပဏီ ၁၂ သည်လည်း စင်ကာပူနိုင်ငံသို့ ကြက်သားနှင့် ကြက်သားထုတ်ကုန်များတင်ပို့နိုင်ရေး ခွင့်ပြုချက်ရရှိရန် ကြိုးပမ်းလျက်ရှိ‌ကြောင်းနှင့် SFA သို့ လျှောက်ထားတင်ပြထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်လက SAF မှ အဖွဲ့တစ်ဖွဲ့ အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အစားအစာဆိုင်ရာ ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် တိရိစ္ဆာန်ကျန်းမာရေးထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား လိုက်လံစစ်ဆေးမှုများ ပြုလုပ်သွားခဲ့ပါသည်၊ အဆိုပါအဖွဲ့သည် ကြက်မွေးမြူရေးခြံများ၊ သီးခြားထားရှိသည့် နေရာများနှင့် ဓါတ်ခွဲခန်းများအား ၎င်းတို့၏ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

SFA အနေဖြင့် အတည်ပြုထောက်ခံချက်ပေးနိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းဆိုင်ရာ အသေးစိတ်စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း (On-site) သွားရောက်စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကြက်သားဟင်းလျာနှင့် ကြက်သားထုတ်ကုန်များ အား ၂၀၂၂ ခုနှစ်အတွင်း တန် ၅.၉ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားရှိပါသည်။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနအနေဖြင့် ပြောကြားရာတွင် ယခုနှစ်အတွင်း ပြည်တွင်းလိုအပ်ချက်အတွက် တန် ၅.၃ သန်းခန့်လိုအပ်မည်ဟု ခန့်မှန်း ထားပြီး ၎င်းသည် ပျမ်းမျှတစ်လလျှင် တန် ၅၀,၀၀၀ ခန့် ပိုလျှံထုတ်လုပ်သွားရမည်ဟု ဆိုပါသည်။

ဝန်ကြီးဌာနမှ အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း ၎င်း၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တီမောလက်စ်တေနိုင်ငံ (Timor Leste) သို့ တန် ၅၀၀ ဝန်းကျင်ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကြက်သားနှင့် ကြက်သားထွက်ကုန် တန် ၂၁၄,၄၀၀ ခန့်ကို တင်သွင်းခဲ့ပြီး ဘရာဇီးနိုင်ငံမှ ၄၈ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ ၃၄ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံမှ ၈ ရာခိုင်နှုန်းနှင့် အခြားနိုင်ငံများမှ ၁၀ ရာခိုင်နှုန်း အသီးသီးတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်အတွင်း မလေးရှားနိုင်ငံသည် ပြည်တွင်း၌ ကြက်သားလိုအပ်ချက် မပြတ်လပ်စေရေးအတွက် ပုံမှန် ပြည်ပသို့ ကြက်သားတင်ပို့မှု တစ်လ လျှင် ၃.၆ သန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်၍ တားမြစ်ပိတ်ပင်ခဲ့သောကြောင့် စင်ကာပူနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် ထိုင်း နိုင်ငံအပါအဝင် အခြားကြက်သားနှင့် ကြက်သားထုတ်ကုန်များ ရရှိနိုင်မည့် အရင်းအမြစ်များစွာမှ တင်သွင်းခွင့်ပြုသွားမည်ဟု အသိပေးကြေညာ ချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။
 

(ပြည့်ဖြိုးအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

Source – Channel News Asia

 

Category: International News